ယနေ့ညမှာလည်း ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်တွေ ရှိနေတာ မမေ့ကြနဲ့ဦးနော်။ မနေ့ညက ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းတွေဖြစ်တဲ့ စပါးကတော့ အင်တာမီလန်ကို အဝေးကွင်းမှာ (၂-၁) ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီး လစ်ဗာပူးလ်ကတော့ အိမ်ကွင်းအန်ဖီးလ်မှာ ပီအက်စ်ဂျီအသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ယနေ့ညမှာတော့ မန်ချက်စတာနှစ်သင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ရှိနေပါသေးတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ လိုင်ယွန်ကို အယ်တီဟက်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး မော်ရင်ဟိုရဲ့ မန်ယူကတော့ ဆွစ်ဇာလန်ပြည်တွင်းလိဂ် ချန်ပီယံ ယန်းဘွိုင်းစ်ကို အဝေးကွင်းသွားရောက်ကစားရဖို့ ရှိနေပါတယ်။

 

 

မန်ယူအဝေးကွင်း သွားရောက်ကစားရမယ့် ယန်းဘွိုင်းစ်ဟာ လက်ရှိဘောလုံးရာသီမှာတော့ ဆွဇ်ဇာလန်လိဂ်မှာ (၆) ပွဲကစားထားပြီး (၆) ပွဲစလုံးကို အနိုင်ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်းယန်းဘွိုင်းစ်ဟာ ဘေဆယ်ရဲ့ အထက် (၁၅) မှတ်အသာနဲ့ သူတို့ရဲ့ (၁၂) ကြိမ်မြောက် ဆွစ်ဇာလန်စူပါဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။ မန်ယူကတော့ လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ် (၅) ပွဲကစားထားရမှာ (၃) ပွဲနိုင် (၂) ပွဲရှုံးနိမ့်ထားပါတယ်။ မန်ယူဟာ ဂျူဗင်တပ်စ်၊ဗလန်စီယာ အစရှိတဲ့ အသင်းတွေနဲ့လည်း တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် ယနေ့ညမှာ အဝေးကွင်းသွားရောက်ကစားရမှာ ဖြစ်သော်လည်း အနိုင်ကစားဖို့လိုအပ်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း

 

 

သမိုင်းတစ်လျှောက်မှာ မန်ယူနဲ့ ယန်းဘွိုင်းစ်အသင်းတို့ဟာ သမိုင်းမှာ တစ်ခါမှာ ထိပ်တိုက်တွေ့ဆုံခြင်း မရှိသေးပါဘူး။အဲဒါကြောင့် ယနေ့ညမှာ ကစားမယ့်ပွဲစဉ်ဟာ သူတို့ရဲ့ ပထမဦးဆုံးသော ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။ ယန်းဘွိုင်းစ်ဟာ အင်္ဂလန်အသင်းတွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဥရောပပွဲစဉ်နောက်ဆုံး (၆) ပွဲမှာ (၁) ပွဲသာ အနိုင်ရရှိထားပြီး (၁) ပွဲသရေ၊(၄) ပွဲရှုံးနိမ့်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ပွဲစဉ်ကတော့ ၂၀၁၀-၁၁ ဘောလုံးရာသီမှာ စပါးကို ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်ပထမအကျော့ အဖြစ် အိမ်ကွင်းမှာ (၃-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူဟာ ဥရောပပွဲစဉ်တွေမှာ ဆွစ်ဇာလန်အခြေစိုက်အသင်းအဖြစ် ဘေဆယ်အသင်းနဲ့သာ ကစားဖူးတယ်လို့ သိရပြီး နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၆) ပွဲမှာ (၂) နိုင်၊ (၂) ပွဲရှုံး၊(၂) ပွဲသရေ ကျထားတယ်လို့ သိရပါတယ်။

 

ဒဏ်ရာရ ကစားသမားစာရင်း

ယန်းဘွိုင်းစ် – ဂျော်ဒန်လိုတွန်ဘာ၊ ဆန်ဒရို လူပါ
မန်ယူ – ဗလန်စီယာ၊ ဆာဂျီယို ရိုမဲရိုး၊ မားကို့စ် ရိုဟို

 

ပွဲကြို သုံးသပ်ချက် (Admin Ye)

 

 

လာမယ့်ပွဲစဉ်ဟာ ယန်းဘွိုင်းစ်အတွက်တော့ ၁၉၈၆-၈၇ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးသော ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ မန်ယူဟာ ဆွဇ်ဇာလန်ကလပ် ဘေဆယ်နဲ့ ကစားဖူးခဲ့တဲ့ နောက်ဆုံး (၆) ပွဲမှာ(၁၁) ဂိုးသွင်းယူထားပြီး (၈) ဂိုးအထိ ပေးထားရတဲ့ မှတ်တမ်းဆိုးရှိနေပါတယ်။ လာမယ့်ပွဲမှာ မန်ယူဘက်ကနေ လုခ်ရှော နဲ့မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ ပြန်လည် ကစားပေးနိုင်မယ်လို့ မော်ရင်ဟိုက အတည်ပြုထားပါတယ်။ ဒါ့အပြင် နွေရာသီတုန်းကခေါ်ယူ
ထားတဲ့ ဒီယိုဂို ဒါလော့ဟာလည်း ပထမဦးဆုံး ပွဲထွက်ခွင့်ရလာနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရတဲ့ မာတစ်ဟာလည်း လာမယ့်ပွဲဟာ ဥရောပပွဲစဉ်ဖြစ်လို့ ပါဝင်သွားဖို့ ရှိနေပါတယ်။ အဝေးကွင်းသွားရောက် ကစားရမှာ ဖြစ်ပေမယ့်လည်း မန်ယူမှာ လူစုံတက်စုံ နီးပါး ပါဝင်လာဖွယ်ရှိနေလို့ ယန်းဘွိုင်းစ်တို့ မလွယ်ပါဘူး။ဒါပေမယ့်လည်း မန်ယူအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်လို့ ပေါ့ပေါ့တန်တန် ကစားလို့တော့ မရပါဘူး။ အဝေးကွင်းမှာ မန်ယူတို့သာသာယာယာ အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းလိုက်ရပါတယ်။

 

ခန့်မှန်း ရလဒ်။ ။ ယန်းဘွိုင်းစ် ၀ – ၂ မန်ယူ

ပွဲကြို သုံးသပ်ချက် (Admin Maung)

 

 

ဒီပွဲမှာ မန်ယူအနိုင်ရဖို့များပါတယ်။ မန်ယူအသင်းဟာ ဗလင်စီယာ၊ ဂျူဗင်တပ်စ်တို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရအုံးမှာ မို့ ဒီပွဲဟာ လုံးဝ အမှားခံလို့ မရတဲ့ပွဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ်၊ မာတာ၊ လူကာကူ ဆိုတဲ့ တိုက်စစ်ကို သုံးဖို့လည်း များနေပါတယ်။ နောက်တန်းမှာတော့ လုခ်ရှောနဲ့ အက်ရှ်လေယန်းတို့ ဖြစ်နိုင် သလို အသစ်ခေါ်ထားတဲ့ ဒီယေဂိုဒါလိုလည်း ပွဲထွက်ခွင့်ရနိုင်ပါတယ်။ ကွင်းလယ်ကတော့ ဖရက်နဲ့ပါရဲယားတို့ အခွင့်အရေး ရနိုင်ခြေရှိပါတယ်။ မန်ယူရဲ့ အရံအင်အား ဟာလည်း တောင့်တင်းတာမို့ ဒီပွဲကို အကောင်းဆုံး ရင်ဆိုင်သွားဖို့လည်းြ ဖစ်ပါတယ်။ ယန်းဘွိုင်စ်ကတော့ ဆွစ်ဇာလန်လိဂ်မှာ ၆ပွဲကစား ၆ပွဲနိုင်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ သွင်းဂိုး ၁၉ ဂိုးအထိရှိပြီး ပေးဂိုး ၄ဂိုးပဲ ရှိတာလည်း ဖြစ်ပါတယ်။ ယန်းဘွိုင်းစ်အသင်းရဲ့ အိမ်ကွင်းဟာ မြက်ခင်းတုကွင်းဖြစ်တဲ့အတွက် အင်္ဂလန်အသင်းတွေ အတွက် အခက်အခဲရှိလေ့ကွင်းလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဗလင်စီယာကို မြင်ခွင်းတုပေါ်မှာ ကစားခိုင်းရင် အန္တရာယ်များလို့၊ ဒဏ်ရာဟောင်း ပြန်ထမှာ စိုးလို့ မခေါ်သွားတာလည်း ဖြစ်ပါတယ်။ ဒီတော့ မန်ယူအလွယ်တကူ နိုင်မယ်လို့တော့ မထင်ပါဘူး။ အထင်သေးရင်တော့ ခံစားသွားရနိုင်ပါတယ်။ ပုံမှန် အားထည့်ကစားမယ်ဆိုရင်တော့ သေချာပေါက် အနိုင်ရနိုင်ပါတယ်။

 

ခန့်မှန်း ရလဒ်။  ။ ယန်းဘွိုင်းစ် ၀-၂ မန်ယူ

 

သိထားသင့်တဲ့ ပွဲကြို အချက်အလက်များ

 

 

– လက်ရှိရာသီရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ မန်ယူအတွက် (၂၂) ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ကစားသွားမယ့်ချန်ပီယံလိဂ် ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပမာဏဟာ အင်္ဂလန်အသင်းတွေထဲမှာတော့ အများဆုံးသော အရေအတွက်ဖြစ်တယ်လို့သိရပါတယ်။ (မှတ်ချက်။ ၁၉၉၂ ခုနှစ် မှာ ချန်ပီယံလိဂ် လို့အမည်ပြောင်းခဲ့တဲ့ နောက်ပိုင်း ဖြစ်ပါတယ်။)

– ယန်းဘွိုင်းစ်ဟာ ၂၀၁၅ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဦးဆုံးသော အကြိမ်အဖြစ် အင်္ဂလန်ကလပ်အသင်း တစ်သင်းကိုအိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သူတို့နောက်ဆုံးကစားခဲ့တဲ့ အင်္ဂလန်ကလပ်ကတော့ အဲဗာတန်ဖြစ်ပြီး ယူရိုပါလိဂ်(၃၂) သင်းအဆင့်မှာ (၁-၄) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

– မန်ယူဟာ ဆွစ်ဇာလန်ကလပ်ဖြစ်တဲ့ ဘေဆယ်ကို နောက်ဆုံးသွားရောက်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် (၂) ပွဲမှာတော့ (၂) ပွဲစလုံးကို ရှုံးနိမ့်ထားတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

– မန်ယူဟာ သူတို့နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် (၁၄) ပွဲမှာ (၃) ပွဲသာ အနိုင်ရရှိခဲ့ပြီး (၅) ပွဲသရေ၊ (၆)ပွဲ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါအဝေးကွင်းပွဲစဉ်နောက်ဆုံး (၃) ပွဲမှာ (၁) ဂိုးသာ သွင်းယူထားနိုင်တယ်လို့သိရပါတယ်။

– မန်ယူတိုက်စစ်မှူး လူကာကူဟာ ယန်းဘွိုင်းစ်အသင်းကို အဲဗာတန်မှာ ရှိစဉ်အခါက ယူရိုပါလိဂ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံကစားခဲ့ဖူးပြီး ဟက်ထရစ်အပါအဝင် စုစုပေါင်း (၅) ဂိုး သွင်းယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။