ပရီးမီးယားလိဂ်ပွဲစဉ် (၃၇)မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေတဲ့ မန်ယူ၊ အာဆင်နယ်တို့ဟာ သရေပွဲကိုယ်စီကြုံတွေ့ခဲ့တာကြောင့် နှစ်သင်းစလုံး အဆင့်(၄)အတွင်းဝင်ဖို့ မျှော်လင့်ချက်က အဆုံးသတ်သွားခဲ့ရတယ်။ မန်ယူက တန်းဆင်းသွားပြီဖြစ်တဲ့ ဟတ်ဒါဖီးလ်ကို (၁)ဂိုးစီသရေကျခဲ့သလို၊ အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ဘရိုက်တန်ကို (၁)ဂိုးစီသရေကျခဲ့တာပါ။ အဲဒီနှစ်ပွဲမှာ မန်ယူနဲ့အာဆင်နယ်တို့ ထူးထူးခြားခြားတိုက်ဆိုင်ခဲ့တဲ့ အကြောင်းအရာတွေရှိလို့ ဒီနှစ်သင်း အဖြစ်ဆိုးတာချင်းတူခဲ့တာလားလို့တောင် မေးခွန်းထုတ်ရပါမယ်။ ပထမဆုံးတူတဲ့အချက်က နှစ်သင်းစလုံး အဖွင့်ဂိုးကို စောစောစီးရခဲ့တာပါ။ မန်ယူအသင်းက ပွဲချိန်(၈)မိနစ်မှာ တွမ်မီနေး Scott McTominay ရဲ့ အဝေးကန်ချက်နဲ့ ဂိုးရခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းက (၉)မိနစ်မှာ ပယ်နယ်တီကနေ အူဘာမီယန်း Pierre-Emerick Aubameyang ဂိုးသွင်းယူခဲ့တာကြောင့် အဖွင့်ဂိုးရခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးရခဲ့တဲ့ သွင်းဂိုးတွေက တစ်မိနစ်လောက်သာ ကွာသလို ချေပဂိုးပြန်ပေးလိုက်ရချိန်ကလည်း တစ်မိနစ်သာ ကွာပါတယ်။ မန်ယူအသင်း ချေပဂိုးပေးလိုက်ရတာက ပွဲချိန်မိနစ် (၆၀)မှာ ခွင့်ပြုလိုက်ရတာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ (၆၁)မိနစ်မှာ ပယ်နယ်တီပေးခဲ့ရတာပါ။ ပိုပြီး အံ့အားသင့်စရာကောင်းတာက မန်ယူနဲ့ အာဆင်နယ်တို့ ပေးလိုက်ရတဲ့ ချေပဂိုးက သူတို့ရဲ့ ကစားသမား အမှားကြောင့်ပေးလိုက်ရတာပါပဲ။ မန်ယူအသင်းက လုခ်ရှော Luke Shaw ရဲ့ အမှားကြောင့် ဂိုးပေးလိုက်ရတာဖြစ်ပြီး အာဆင်နယ်ရဲ့ ပယ်နယ်တီကတော့ ကွင်းလယ်လူ ချာကာ Granit Xhaka ရဲ့ မလိုလားအပ်တဲ့လုပ်ရပ်ကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ အဖြစ်ဆိုးက ဒီလောက်နဲ့တင် မရပ်သွားဘဲ နှစ်သင်းစလုံး အဆင့်(၄)အတွင်း ၀င်ဖို့မျှော်လင့်ချက် အဆုံးသတ်သွားတာချင်းကလည်း သွားတူနေပြန်ပါတယ်။ နောက်ထပ်တူညီဖို့ ရှိနေတာက ချန်ပီယံလိဂ်ဝင်ခွင့် မရဖို့ပါ။ ဒီနေရာမှာ အာဆင်နယ်အသင်းကတော့ မျှော်လင့်ချက်ရှိနေပြီး ယူရိုပါလိဂ်ဖလားသာ ရခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်လို့ ဒီတစ်ချက်တော့ မန်ယူနဲ့ အာဆင်နယ်တူညီမှု ရှိ၊ မရှိစောင့်ကြည့်ရပါဦးမယ် . .

Photo:The Sun,ghanasoccernet
Naing Linn(Akhayar)
www.akhayar.com

The post ပွဲစဉ်(၃၇)မှာ မန်ယူနဲ့ အာဆင်နယ် အဖြစ်ဆိုးတာချင်းတူခဲ့တာလား appeared first on Myanmar Lifestyle, Tech Review, Food Review.