ဒဏ်ရာကနေ သက်သာလာတာမကြာသေးတဲ့ လီဗာပူးလ်ကွင်းလယ်လူ အဲလက်စ်အောက်စလိတ်ချန်ဘာလိမ်က၄င်းအနေနဲ့ ၂၀၁၇ ခုနှစ် နွေရာသီမှာ အန်ဖီးလ်ကို ပြောင်းရွှေ့လာခဲ့စဉ်က အကြောင်းအရာတစ်ခုကို ဝန်ခံပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ချန်ဘာလိမ်ဟာ အာဆင်နယ်မှာ (၆)နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် လီဗာပူးလ်ကိုရောက်ရှိလာတဲ့အချိန်မှာ ပတ်ဝန်းကျင်အသစ်နဲ့ အသားမကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရရှိဖို့ နိုဝင်ဘာအထိ စောင့်ဆိုင်းခဲ့ရပါတယ်။ အသက် (၂၆)နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူ ချန်ဘာလိမ်က သူ့အနေနဲ့ နည်းပြအာစင်ဝင်းဂါးရဲ့ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးနဲ့ ကစားကွက်ကြောင့် ဘောလုံးကို ဂိုးပေါက်ဆီကန်သွင်းဖို့ နောက်တွန့်ခဲ့မိကြောင်း ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

 

 

အဆိုပါ သူ့ရဲ့အကျင့်ဟာ ဂျာမန်သားနည်းပြ ကလော့ပ်ကို မယိုးမရွ ဖြစ်စေခဲ့တယ်လို့ ပြောပြသွားခဲ့ပါတယ်။ Telegraph ကို ပြောကြားရာမှာတော့ ချန်ဘာလိမ်က “ကျွန်တော် အာဆင်နယ်ဆီက သင်ယူခဲ့တာတွေဟာ များသောအားဖြင့် အကူအညီအများကြီးဖြစ်စေပါတယ်၊ ဒါပေမယ့် သူတို့ဆီကနေ ထွက်ခွာလာတော့ ကျွန်တော်တိုးတက်လာဖို့ လိုတယ်ဆိုတာကိုလည်း သိလာခဲ့ပါတယ်၊ ဒီမှာက သူတို့နဲ့ အသားပေးပုံချင်းကွဲပြားပါတယ်၊ အာဆင်နယ်မှာက ဂိုးတစ်ဂိုးသွင်းဖို့ရာ ပိုကောင်းတဲ့ ရွေးချယ်မှုကို ရှာဖွေကြရပါတယ်၊ အဲဒီနည်းစနစ်က သူတို့ဆီမှာတော့ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်”

 

 

“အဲတော့ ဒီမှာ ကျွန်တော့်အနေနဲ့ ဂိုးသွင်းဖို့ အတွက် ပြေးသွားခဲ့ပေမယ့် တစ်ယောက်ယောက်က သူ့ဆီဘောလုံးပေးဖို့ အော်ဟစ်လာတဲ့ အချိန်မျိုးမှာ ကျွန်တော်မနေနိုင်ပဲ ပေးမိပါတယ်၊ အဲဒီအချက်ကို နည်းပြ (ကလော့ပ်)က မုန်းတီးပါတယ်၊သူပြောလေ့ရှိတာ တစ်ခုက – မင်းလေ့ကျင့်ရေးကွင်းမှာ တစ်ပတ်လုံး ဘောလုံးကန်သွင်းတာလည်း မတွေ့ရဘူး၊ အင်နီယက်စ်တာလိုပဲ ဘောလုံးပေးဖို့ပဲ ကြိုးစားနေတာပဲတဲ့၊ တကယ်လည်း နည်းပြကြီးက ကျွန်တော့်ကို အော်ပါတယ် – ကန်သွင်းလိုက်စမ်းပါပေါ့၊ ဝင်ရင်လည်း ဝင်မယ်၊ မဝင်ရင်လည်း မဝင်ဘူးပေါ့၊ သူ့ခေါင်းထဲမှာရှိတာ ကျွန်တော်သိပါတယ် – မဝင်တော့လည်း ဘာဖြစ်လဲပေါ့၊ အခု မိုဆာလာနဲ့ ဆာဒီယို (မာနေး)တို့ သွင်းဂိုးတွေ အပြိုင်ဖြစ်နေတာကိုပဲ ကြည့်လိုက်ပါ” လို့ဆိုသွားခဲ့ပါတယ်။